ဝယ်သူနဲ့မတွေ့ခင်၊ Sales Call မသွားခင် ဘာတွေ ပြင်ဆင်သင့်သလဲ။
July 21, 2021 2021-07-21 15:07ဝယ်သူနဲ့မတွေ့ခင်၊ Sales Call မသွားခင် ဘာတွေ ပြင်ဆင်သင့်သလဲ။

ဝယ်သူနဲ့မတွေ့ခင်၊ Sales Call မသွားခင် ဘာတွေ ပြင်ဆင်သင့်သလဲ။
သင့်ဝယ်သူနဲ့ ဖုန်းမပြောခင်၊ sales call မသွားခင် ပြင်ဆင်သင့်တဲ့ အချက် (၅) ချက်။
အရောင်းသမားတွေ အနေနဲ့ ဝယ်သူတွေနဲ့ဖုန်းတွေပြောရတယ်၊ email တွေပို့၊ sales call တွေသွား ကြရပါတယ်။ အရောင်းတွေရဖို့ ဘက်ပေါင်းစုံနဲ့ကြိုးစားကြရတာပေါ့။
ဒီတော့ အောင်မြင်တဲ့အရောင်းတွေရဖို့ အတွက်ဆိုရင် သင့်အနေနဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေအပေါ် ကြိုတင် ပြင်ဆင်မှုတွေတော့လုပ်ရပါလိမ့်မယ်။ ဒါဆိုရင် ဝယ်သူနဲ့မတွေ့ခင် ဘာတွေ ပြင်ဆင်သင့်သလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။
၁) ဝယ်သူအကြောင်း တတ်နိုင်သလောက် သိအောင်၊ နားလည်အောင်ကြိုးစားပါ။
အရောင်းသမားတွေက တစ်ခါတစ်လေကြတော့ ဝယ်သူက ဖုန်းနံပါတ်ပေးလိုက်တာနဲ့ တန်းခေါ်လိုက်ကြတယ်။ ပြီးတော့ သင့်မှာရှိတဲ့ product အကြောင်းကို တန်းရှင်းပြတော့တာပဲ။ ဒီလို မလုပ်သင့်ပါဘူး။ ဝယ်သူတစ်ယောက်ကို ဖုန်းမပြောခင်၊ email မပို့ခင်၊ သွားမတွေ့ခင် သင်ပြောရမယ့် သူက ဘယ်လိုမျိုးလဲ၊ သူ့တာဝန်ယူထားရတဲ့ အလုပ်ကဘာဖြစ်မလဲ၊ ဒီအဖွဲ့အစည်းမှာ သူ့ရဲ့ position ကဘာလဲ ဆိုတာတွေကို အချိန်တစ်ခုပေးပြီး အရင်ဆုံးလေ့လာ သင့်ပါတယ်။ social media ခေတ်ကြီးထဲမှာ သူ့ရဲ့ Facebook profile ပဲဖြစ်ဖြစ်၊ Linkedin profile ဖြစ်ဖြစ် ဝင်ကြည့်တာမျိုးတွေ လုပ်လို့ရပါတယ်။ သင်ပိုပြီး သေချာ ပြင်ဆင်လေ၊ သူ့အကြောင်းကိုပိုသိပြီး သူ့ရဲ့ စိတ်ဝင်စား မှုကို ထိအောင်ပြောနိုင်လေဖြစ်ပြီး သင့်ဆီက ဝယ်ဖို့ အခွင့်အရေး ပိုများလေပါပဲ။
၂) သင်ရောင်းတဲ့ကုန်ပစ္စည်း အကြောင်းလည်း A to Z ကျွမ်းကျင်သူ ဖြစ်ပါစေ။
ဝယ်သူတွေ အနေနဲ့က အမြဲတမ်းမေးခွန်းတစ်ခုထဲကို မေးနေမှာမဟုတ်ပါဘူး။ ဖြစ်နေတဲ့ ဝယ်သူရဲ့ စိတ်ဝင်စားမှု၊ သူ့ရဲ့ပြဿနာကဘာလဲ၊ သင့် product ကဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာကို ပြောနိုင်ဖို့က သင်ကိုယ်တိုင် သင်ရောင်းနေတဲ့ ကုန်ပစ္စည်းအကြောင်း အသေးစိတ် ကျွမ်းကျင်ဖို့ လိုပါတယ်။ ဒါကြောင့် သင်ရောင်းနေတဲ့ product အကြောင်းကို အလုံးစုံ နားလည်နေဖို့ လိုအပ်ပါတယ်။
၃) သင့်ကိုသင်လည်းပြန်မေးပါ။
ဝယ်သူဆီကို ဖုန်းခေါ်လိုက်တယ်၊ ပြီးရင်ရှင်းပြတယ်။ ဒီနေရာမှာ သူ့ဆီကနေ ဘာရချင်တာလဲ ဆိုတာကိုလည်း ကြိုတင်စဉ်းစားဖို့လိုပါတယ်။ ဒီလိုကြိုတင် စဉ်းစားထားမှ သာလျှင် သင့်ဆီကနေ ဒီနေ့ချက်ချင်းဝယ်စေချင်တယ်ဆိုရင် ဘယ်လို စကားလုံး အသုံးအနှုန်းတွေနဲ့ တစ်ခါထဲ အရောင်းပိတ်မလဲ။ တစ်ပတ်အတွင်းငွေအကျေ ချေစေချင်တာဆိုရင် ရော ဘယ်လို စကားလုံးတွေရွေးသုံးမလဲဆိုတာကို တစ်ခါထဲစဉ်းစားနိုင်မှာဖြစ်ပါတယ်။
၄) “တကယ်လို့” ဆိုတာမျိုးကိုစဉ်းစား ပြင်ဆင်ပါ။
တကယ်လို့ ဝယ်သူက သင်ပြောတဲ့အကြောင်းအရာကို ဘယ်လိုထောက်ပြတဲ့ မေးခွန်းမျိုးမေးနိုင်လဲဆိုတာကိုလည်း ကြိုတင်စဉ်းစားရမှာဖြစ်ပါတယ်။ သင်ပြောတဲ့ အကြောင်းအရာကို သူ့ဘက်ကနေ ဘယ်လိုမျိုး ပြောနိုင်မလဲဆိုတာကိုလည်း သင်ကြိုပြင်ဆင်ဖို့ လိုပါတယ်။
၅) သင့်ရဲ့ စိတ်အားထက်သန်မှုကို ဝယ်သူမြင်အောင် ပြပါ။
ခံစားချက်ဆိုတာ ကူးစက်တတ်ပါတယ်။ ဖုန်းနဲ့ပြောတာပဲဖြစ်ဖြစ်၊ လူကိုယ်တိုင် သွားတွေ့တာပဲဖြစ်ဖြစ်၊ သင့်အနေနဲ့ ဒီ customer ဆီက အရောင်းရဖို့၊ သင့်အလုပ်ပေါ်မှာ၊ သူ့အပေါ်မှာ ဘယ်လောက်ထိ စိတ်ဝင်တစားရှိတယ်ဆိုတာကို မြင်အောင်ပြပါ။ သင့်အသံကို နားထောင်ပြီးပဲ ဖြစ်ဖြစ်၊ သင့်ပုံစံကို မြင်ပြီးပဲဖြစ်ဖြစ် အလုပ်ပေါ်မှာ စိတ်အားထက်သန်မှု ကိုမြင်ရတဲ့ အခါ သူဆီကိုလည်း ဒီခံစားချက်က ကူးဆက်သွားပါတယ်။ ဒါဆိုရင် သင့်ဆီကနေဝယ်ဖို့ ရာခိုင်နှုန်းပိုများသွားတာပေါ့။
ဒီလောက်ဆိုရင်တော့ အရောင်းသမားတွေ အနေနဲ့ သင့်ဆီကနေ ဝယ်စေချင်တယ်ဆိုရင် ဝယ်သူနဲ့ သွားမတွေ့ခင်၊ ဖုန်းမပြောခင် ဘာတွေ လုပ်ဖို့ လိုတယ်ဆိုတာကို နားလည်ပြီး အကောင်းဆုံးပြင်ဆင်နိုင်ပြီး ရောင်းအားများများတက်လာမှာပါ။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။