Product Life Cycle
September 10, 2020 2021-07-12 21:07Product Life Cycle
ကုန်ပစ္စည်းတွေ၊ brand တွေဟာ ကျွန်တော်တို့ လူတွေလိုပါပဲ။ သူတို့မှာလည်း သက်တမ်းရှိပါတယ်။
ကျွန်တော်တို့ လူတွေ မွေးလာတယ်။ ကြီးပြင်းလာတယ်။ ပြီးတော့ နောက်ဆုံး သေဆုံးကြရတယ်။
အဲ့လိုပဲ product တွေမှာလည်း ဖြတ်သန်းရတဲ့ အဆင့်တွေ ရှိပါတယ်။ဒါကိုတော့ Product Life Cycle လို့ ခေါ်ပါတယ်။ Product life cycle မှာ Introduction, Growth, Maturity , Decline ဆိုပြီး အဆင့်လေးဆင့် ရှိပါတယ်။ ဒီအဆင့်လေးဆင့်ကို သေချာသိမှ ကိုယ့် product က ဘယ်အဆင့်မှာ ရှိနေလဲသိမယ်။ ဒါမှ တစ်ဆင့်ချင်းစီနဲ့ ပတ်သတ်တဲ့ အရောင်းဗျူဟာတွေ၊ မားကတ်တင်းဗျူဟာတွေ မှန်မှန်ကန်ကန် ချနိုင်မှာပါ။
၁) Introduction
ဒီအဆင့်က ကိုယ့်ကုန်ပစ္စည်းကို ဈေးကွက်ထဲကို စပြီး မိတ်ဆက်တဲ့အချိန်ပါ။ စပြီး မွေးထုတ်လိုက်တဲ့ အချိန်လို့ ပြောလည်းရပါတယ်။ ဒါက ဈေးကွက်ထဲ ဝင်ဝင်ချင်း အချိန်ဖြစ်တဲ့အတွက် သိပ်တော့ ရောင်းရဦးမှာ မဟုတ်ပါဘူး။ ရောင်းအားက နည်းပြီး ထုတ်လုပ်မှု စရိတ်မြင့်နေတဲ့ အဆင့်ပါ။ ဒီအဆင့်မှာ ကတော့ ကိုယ့်ပစ္စည်းကို လူများများ သိဖို့ရယ် စမ်းသုံးကြည့်ကြဖို့ရယ်ကို အဓိက အာရုံစိုက်ပြီး ဗျူဟာချရမှာပါ။
၂) Growth
ဒီအဆင့်ကတော့ ကုန်ပစ္စည်းစပြီး နာမည်ရလာတဲ့ အချိန်၊ ရောင်းအားလည်း သိသိသာသာ တက်လာတဲ့ အချိန်ပါ။ ရောင်းအားမြင့်လာတဲ့အတွက် ကုန်ကျစရိတ်က Introduction အဆင့်ထက်စာရင် သက်သာသွားပါပြီ။ ဒီတော့ အမြတ်စပြီး ရလာတဲ့ အချိန်ပါပဲ။ ဒီအဆင့်ရောက်ရင် ဗျူဟာချတဲ့အခါ ကျွန်တော်တို့ အဓိက အာရုံစိုက်ရမှာကတော့ ဈေးကွက်ရှယ်ယာ များများရဖို့ပါ။
၃) Maturity
Maturity ကတော့ အရောင်းရဆုံးအချိန်ပါ။ များများရောင်းရပြီး များများ ထုတ်လုပ်ရတဲ့အဆင့်မို့လို့ ကုန်ကျစရိတ်က နည်းပါတယ်။ ရောင်းအားတွေ ထိုးတက်ပြီး ကုန်ကျစရိတ်က သိသိသာသာနည်းလာတာနဲ့အမျှ အမြတ် ပမာဏလည်း များတဲ့ အဆင့်ပါ။ ပြိုင်ဆိုင်မှုတွေလည်း ပိုပိုပြီး ပြင်းထန်လာတဲ့ ဒီအဆင့်ရောက်ရင် အမြတ်များများရဖို့နဲ့ ကိုယ့်ရဲ့ ဈေးကွက်ရှယ်ယာတွေကို ပြိုင်ဘက်ဆီ ပါမသွားအောင် ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။
၄) Decline
နောက်ဆုံးအဆင့်ကတော့ ဝယ်သူတွေရဲ့ လိုအပ်ချက်၊လိုအင်တွေ ပြောင်းလဲလာလို့ပဲ ဖြစ်ဖြစ်၊ ပြိုင်ဘက်တွေ အင်အားကောင်းလာလို့ဖြစ်ဖြစ် ကိုယ့် ကုန်ပစ္စည်းရဲ့ ရောင်းအားတွေ ကျလာတဲ့အချိန်ပါ။ ကုန်ကျစရိတ်ကတော့ ရှေ့က Maturity အဆင့်မှာ ထုတ်ထားတဲ့ ပစ္စည်းတွေကြောင့်နည်းနေပေမယ့် အရောင်းကျသွားတဲ့အတွက် အမြတ်ရာခိုင်နှုန်းလည်း နည်းသွားပါပြီ။ ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ကုန်ပစ္စည်း မပျောက်သွားအောင် feature အသစ်တွေ ပြန်ထည့်ပြီး ဈေးကွက်ထဲနေရာ ပြန်ယူတာရှိသလို ကုန်ပစ္စည်းအသစ်နေနဲ့ ပြန်ပြီး ထုတ်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။
ကုန်ပစ္စည်းတိုင်းကတော့ ဒီ အဆင့်လေးဆင့်လုံးကို ကြုံတွေ့ချင်မှလည်း တွေ့ရမှာပါ။ Introduction အဆင့်မှာတင် ရပ်သွားရတာတွေ၊ Maturity အဆင့်ကို မရောက်လိုက်တာတွေ ဖြစ်တတ်ပါတယ်။
ဒီ အဆင့်တွေကို ကောင်းကောင်းဖြတ်ကျော်နိုင်ဖို့အတွက် ကျွန်တော်တို့ တစ်ဆင့်ချင်းစီအတွက် မှန်ကန်တဲ့ promotion နည်းတွေ၊ distribution plan တွေ မှန်မှန်ကန်ကန် ချတတ်ဖို့လည်းလိုပါတယ်။
ဒီအချက်တွေကိုတော့ နောက်ပို့စ်တွေမှာ အသေးစိတ်ရှင်းပြပေးဦးမှာမို့ Better Version Page ကို like and see first လုပ်ထားကြပါဦး။
#BetterVersion
#MakeYourProgress