လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုရှိတဲ့ လှိုင်းများ (သို့မဟုတ်) PESTLE Analysis
December 20, 2021 2022-02-25 10:05လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုရှိတဲ့ လှိုင်းများ (သို့မဟုတ်) PESTLE Analysis

လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုရှိတဲ့ လှိုင်းများ (သို့မဟုတ်) PESTLE Analysis
စီးပွားရေးလုပ်ငန်းလုပ်နေတယ်ဆိုတာသည် လှိုင်းစီးနေတာ၊ လှိုင်းတွေကြားထဲမှာဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ လုပ်ငန်းတွေရဲ့ သဘောတွေသည် လှိုင်းတွေကြားမှာရှိနေတာ ဖြစ်လို့ လှိုင်းမစီးတတ်ရင် စီးပွားရေးလုပ်လို့မရဘူးလို့ ပြောလို့ရပါတယ်။ တချို့လှိုင်းတွေသည် ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိပေမယ့် လုပ်ငန်းတွေအပေါ်မှာတော့ အများကြီး သက်ရောက်မှု ရှိတယ်။ ဒီလှိုင်းတွေကို လေ့လာသုံးသပ်ခြင်းကို PESTLE analysis လို့ခေါ်ပါတယ်။ ဒါဆို ဘယ်လိုလှိုင်းတွေကြားမှာရှိလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
၁) P = Political
ပထမလှိုင်းသည် နိုင်ငံရေးလှိုင်းဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေက သင့်ရဲ့ လုပ်ငန်းမှာ၊ စီးပွားရေးပေါ်မှာ အများကြီးသက်ရောက်မှု တွေရှိပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲ တွေသည် ထိန်းချုပ်လို့မရနိုင်ပါဘူး။ အခု ကာလမှာဆိုရင် ဒီအချက်ကို သိသာ ထင်ရှားစွာ မြင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဖြစ်လာတဲ့ အပြောင်းအလဲ ပေါ်မှာ မူတည်ပြီးတော့ပဲ ဘယ်လို ဗျူဟာနဲ့ လုပ်ငန်း လည်ပတ်ရမလဲ ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။
၂) E = Economic
စီးပွားရေးလှိုင်းပါ။ စီးပွားရေးလှိုင်း ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအပြောင်းအလဲ အတက်အကျမှာဆိုရင် လူတွေရဲ့ ဝယ်နိုင်စွမ်းအား (buying power) တွေ၊ လိုချင်တဲ့ ပုံစံတွေ၊ ဝယ်ယူမှု ပုံစံတွေ၊ ငွေကြေးသုံးစွဲနိုင်စွမ်းအား (spending power) အားလုံးမှာ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ဥပမာ – ပစ်မှတ်ထားတဲ့ ဝယ်သူ (targeted customers) တွေရှိတဲ့ ဈေးကွက်ထဲမှာ ဝယ်နိုင်စွမ်းအား ကျနေတဲ့အချိန် market skimming ဗျူဟာကို သုံးပြီး အမြတ် များများရရေးကိုပဲ ဦးစားပေးလိုက်တဲ့အခါမျိုးမှာ သင့်ကုန်ပစ္စည်းက မှန်းထားသလောက် မရောင်းရတော့တာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ကုန်ပစ္စည်းကို ဈေးနှုန်းသတ်မှတ်တဲ့အခါမှာ ဒီအချက်ကို အဓိက ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
၃) S = Social
လူနေမှု ပုံစံ အပြောင်းအလဲတွေကလည်း လုပ်ငန်းအပေါ်မှာ သက်ရောက်မှု တွေ အများကြီးရှိပါတယ်။ ဒီလှိုင်းကြားမှာလည်း ရုံးကန်တတ်ဖို့ လိုပါတယ်။ ဥပမာ – လွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းက မြန်မာနိုင်ငံမှာ ဖုန်းဆိုတာကို ရှားပါးပစ္စည်းလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင် လူတိုင်းလက်ထဲမှာ ဖုန်းတွေရှိနေပြီး အင်တာနက် ကိုလည်း တွင်တွင် ကျယ်ကျယ် သုံးလာကြပါပြီ။ ဒီလိုမျိုးအပြောင်းအလဲမှာ လူနေမှုပုံစံ အပြောင်းအလဲ (Social changes) ပါလိုက်ပြီးတော့ ဖြစ်လာတဲ့ သဘောတွေ ရှိပါတယ်။ ထင်ရှားတဲ့ သာဓက တစ်ခုကို ပြောရမယ်ဆိုရင် အရင်က ဈေးဝယ်ရင် ကိုယ်တိုင်ပဲ သွား ဝယ်လေ့ ရှိကြပေမယ့် အခုဆိုရင် အွန်လိုင်းကနေ မှာတဲ့ပုံစံတွေ များလာတာမျိုး ကို တွေ့ရမှာ ဖြစ်ပါတယ်။
၄) T = Technological
နည်းပညာလှိုင်းတွေ ဖြစ်ပါတယ်။ နည်းပညာ အပြောင်းအလဲတွေသည် လုပ်ငန်းတွေပေါ်မှာ သက်ရောက်မှုတွေ အများကြီး ရှိပါတယ်။ တိုးတက်လာတဲ့ နည်းပညာ ပေါ်မှာလိုက်ပြီး ကုန်ပစ္စည်း ထုတ်လုပ်မှု ပုံစံ၊ ထုတ်ပိုးမှု ပုံစံ၊ ဖြန့်ဖြူးရေးပုံစံ၊ ကြော်ငြာတဲ့ ပုံစံ၊ ဝယ်သူတွေနဲ့ ပြောဆို ဆက်သွယ်တဲ့ ပုံစံတွေ အကုန်လုံးမှာ ပြောင်းရတဲ့ သဘောတွေ ရှိပါတယ်။
၅) L = Legal
ဥပဒေ ပြုရေးဖြစ်ပါတယ်။ ဥပဒေပြောင်းလဲမှု ဖြစ်ခြင်းသည် ကျွန်တော်တို့ရဲ့ လုပ်ငန်းပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ အခွန်ဥပဒေ တွေပေါ်မူတည်ပြီး ကုန်ပစ္စည်း ထုတ်လုပ်မှုတွေ၊ ဈေးနှုန်းသတ်မှတ်ချက်တွေ လိုက်ပြောင်းရတာ ရှိသလို၊ COVID ကာလမှာဆိုရင်လည်း ထွက်ပေါ်လာတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေပေါ် မူတည်ပြီး လုပ်ငန်းမှာ ချိန်ညှိရတဲ့ အပြောင်းအလဲတွေ အများကြီး ရှိခဲ့တာကိုလည်း အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။
၆) E = Environmental
သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကလည်း လုပ်ငန်းတွေ အပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိနေပါတယ်။ ဒီထဲမှာဆိုရင် ရာသီဥတု အပြောင်းအလဲတွေလည်း ပါပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး နဲ့ ပတ်သတ်တဲ့ ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေ၊ အစားအသောက် ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ဆိုရင် ဒီလှိုင်းတွေရဲ့ ရိုက်ခတ်မှုကို သိသိသာသာ ခံစားရစေပါတယ်။
ဒါကြောင့် အရောင်းပိုင်း၊ မားကတ်တင်းပိုင်း မဟာဗျူဟာချမှတ်တဲ့ အခါ လုပ်ငန်းတွေပေါ်မှာ သက်ရောက်မှု ရှိလာမယ့်၊ သင့်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ဒီလှိုင်း တွေကိုလည်း လေ့လာ သုံးသပ်ဖို့ လိုပါတယ်။ သင့်ရဲ့ကုန်ပစ္စည်းက ဈေးနှုန်းအနေနဲ့ရော၊ အရည်အသွေးအနေနဲ့ရောကောင်းတယ်။ အရောင်းသမားတွေကလည်း ကျွမ်းကျင်တယ်။ ဒါပေမယ့် ထင်သလောက် အရောင်းကမရဘူးဆိုရင် အရောင်းသမားတွေကိုပဲ ဖိအား ပေးတာမျိုး၊ action ယူတာမျိုးလုပ်လို့မရပါဘူး။
ဈေးကွက်အနေအထား၊ PESTLE analysis လိုမျိုး နိုင်ငံရေး အခြေအနေ၊ နည်းပညာ အပြောင်းအလဲတွေ၊ target customer တွေရဲ့ ဝယ်လိုအားနဲ့ ငွေကြေးသုံးစွဲနိုင်မှု အခြေအနေ အပြောင်းအလဲတွေကို သင်ပြန်လေ့လာသုံးသပ်ပြီး သင့်တော်တဲ့ strategy ကို ပြောင်းလဲအသုံးပြုဖို့ စဉ်းစားရမှာပါ။
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။