၀ယ်သူ၊ ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ယုံကြည်လေးစားမှုရလာစေနိုင်မယ့်နည်းလမ်းများ။
February 15, 2022 2022-02-24 14:50၀ယ်သူ၊ ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ယုံကြည်လေးစားမှုရလာစေနိုင်မယ့်နည်းလမ်းများ။

၀ယ်သူ၊ ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ယုံကြည်လေးစားမှုရလာစေနိုင်မယ့်နည်းလမ်းများ။
နေ့စဥ် ၀ယ်သူတွေနဲ့ ဖြစ်ဖြစ်၊ ရုံးတွင်းပိုင်းမှာပဲ ဖြစ်ဖြစ် လူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုတဲ့အခါမှာ ဆက်သွယ်တဲ့နည်း နှစ်နည်းရှိပါတယ်။
စကားလုံးတွေနဲ့ ဆက်သွယ်နည်း (Verbal Communication) နဲ့ အပြုအမူဆိုင်ရာ (စကားနဲ့မဟုတ်တဲ့) ဆက်သွယ်နည်း(Non-Verbal Communication) ဆိုပြီးနှစ်နည်းရှိပါတယ်။ အပြုအမူဆိုင်ရာ (စကားနဲ့မဟုတ်တဲ့) ဆက်သွယ်နည်းမှာဆိုရင် သင့်ရဲ့မျက်နှာအမူအရာ၊ အပြုအမူ၊ ကိုယ်ဟန်အနေအထား၊ အသံနေအသံထား စတာတွေပါ၀င်ပါတယ်။
လူတွေကြားထဲမှာ ပြောဆိုဆက်ဆံရေး လုပ်ကြတဲ့အခါ အဓိကအားဖြင့် စကားလုံးတွေ၊ အသံနေအထား၊ ကိုယ်ဟန်အမူအရာတွေရယ်လို့ သုံးမျိုး ရှိတဲ့နေရာမှာ ဘယ်နည်းလမ်းတွေဟာ သက်ရောက်မှု ပိုများသလဲဆိုတာကို လေ့လာကြပါတယ်။
ပုံမှန် အားဖြင့် စကားလုံး အသုံးအနှုန်းဟာ အရေးကြီးဆုံး ဖြစ်မယ်လို့ ထင်တတ်ကြပါတယ်။ စကားလုံးအသုံးအနှုန်းဟာ အရေးကြီးပါတယ်။ အံသြစကားကောင်းတာကတော့ ကိုယ်ဟန်အမူအရာရဲ့ သက်ရောက်မှု ဟာ ၅၅% ရှိပါတယ်။
စကားလုံး အသုံးအနှုန်း အရေးပါမှု – ၇%
အသံနေအသံထား၊ လေယူလေသိမ်း – ၃၈%
ကိုယ်ဟန်အမူအရာ – ၅၅% ဖြစ်ပါတယ်။
အခြားလူတစ်ယောက်နဲ့ ပြောဆိုဆက်သွယ်တဲ့အခါမှာ ကိုယ်ပြောချင်တဲ့မက်ဆေ့ကို အပြည့်အ၀နားလည်နိုင်ဖို့အတွက် ပြောချင်တဲ့ စကာလုံးတွေအပြင် သင့်ရဲ့ အသံနေအသံထား၊ မျက်နှာအမူအရာ၊ လက်ဟန်ခြေဟန်၊ ကိုယ်ဟန်အနေအထားတွေပါ ထပ်ပေါင်းပြီး တစ်ဖက်လူရဲ့ စိတ်၀င်စားမှု၊ ယုံကြည်မှုရအောင်ပါ လုပ်လို့ ရနိုင်ပါတယ်။
ဒါကြောင့် ၀ယ်သူနဲ့ ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပဲပြောပြော သင့်ကို ယုံကြည်မှု တည်ဆောက်ပေးနိုင်ဖို့ ဒီအချက်လေးတွေကို စမ်းပြီးလုပ်ကြည့်ကြည့်ပါ။
- မျက်လုံးချင်းဆုံပြီး စကားပြောခြင်း။
စကားပြောတဲ့အခါ မျက်လုံးချင်းဆုံအောင်ထိန်းထားနိုင်ခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းကို ပေါ်လွင်စေပါတယ်။ နောက်တစ်ခုကတစ်ဖက်လူပြောစကားကိုဘယ်လောက်စိတ်၀င်စားမှုရှိလဲဆိုတာကို ပြသနိုင်ပါတယ်။ စကားပြောနေချိန်ရဲ့ ၆၀%လောက်ကို မျက်လုံးခြင်းဆုံပြီးစကားပြောပေးပါ။
တကယ်လို့ သင်ကတစ်ဖက်လူရဲ့မျက်လုံးကိုကြည့်ရမှာ မဝံ့ရဲဖြစ်တတ်ရင်တော့ မျက်လုံးရဲ့အနီးစပ်ဆုံးနေရာကိုကြည့်ပြီး အလေ့အကျင့်ရအောင် ကြည့်ပြီး စကားပြောနိုင်ပါတယ်။
- ကိုယ်ကိုကိုင်းပြီးနားထောင်ခြင်းအားဖြင့် စိတ်၀င်စားမှုရှိကြောင်းပြခြင်း။
စကားပြောနေသူဘက်သို့ အနည်းငယ် ကိုယ်ကိုကိုင်းပြီးနားထောင်ခြင်းက သင်သေချာအာရုံစိုက်ပြီး စိတ်၀င်တစားနားထောင်နေတယ်ဆိုတာကို ဖော်ပြနည်းတစ်မျိုးပါပဲ။
ဒါပေမယ့် တစ်ဖက်လူစိတ်အနှောင့်အယှက်မဖြစ်အောင် အရမ်းနီးကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။
- ထိုင်နေတဲ့အခါ ရင်ကိုဖွင့်ပြီး မတ်မတ်ထိုင်ခြင်း။
သင်ထိုင်နေတယ်ဆိုရင် ပုခုံးကိုမြှင့်ပြီး ကျောကိုမတ်မတ်နေခြင်းက သင့်ကိုယ်သင်ဘယ်လောက် ယုံကြည်မှုရှိတယ်ဆိုတာ ပြသနိုင်ပါတယ်။ ခုံကိုလျောထိုင်တာမျိုး၊ ခါးကုန်းပြီးထိုင်တာမျိုးက ပျင်းရိခြင်း သို့မဟုတ် ယုံကြည်မှုကင်းမဲ့ခြင်းသဘောကိုသက်ရောက်စေနိုင်တယ်။
- ခန္တာကိုယ်ကို လိုအပ်တာထက် လှုပ်ရှားမှုကို မလုပ်မိစေခြင်း။
စကားပြောနေတဲ့အချိန်မှာ ခြေထောက်လှုပ်နေတာမျိုး၊ ဘောပင်ခလုတ်ကိုခဏခဏနှိပ်နေတာမျိူး၊ ခုံကိုလက်ဖြင့်ခေါက်နေတာမျိုးစတဲ့အပြုအမူတွေကိုရှောင်ရှားသင့်ပါတယ်။
ဒီလိုအပြုအမူတွေက တဖက်လူကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေသလို သင်ပြောချင်တဲ့စကားရဲ့ ဆိုလိုရင်းကို အာရုံစိုက်ဖို့လည်း ခက်ခဲစေပါတယ်။
- စကားပြောလျှင် လက်များကိုအိတ်ကပ်ထဲထည့်ထားသောအပြုအမူများကိုရှောင်ကျဉ်ခြင်း။
တစ်ခါတစ်လေ ကျွန်တော်တို့တွေက စိတ်လှုပ်ရှားနေတဲ့အချိန်မှာ လက်တုန်မှာစိုးရိမ်လို့ လက်တွေကိုအိတ်ကပ်ထဲထည့်ထားမိတဲ့အခါမျိုးတွေရှိတတ်ပါတယ်။ အမှန်တော့ အဲ့လိုအိတ်ကပ်ထဲလက်ထည့်ခြင်းကသင့်ကို စိုးရိမ်ပူပန်မှုတွေ ပိုဖြစ်စေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုလျော့ကျစေပါတယ်။
- စကားသံအနှိမ့်အမြင့် အတက်အကျ (Tone of Voice) ကိုညှိပြီး ပြောခြင်း။
ကျွန်တော်တို့တွေကစကားကိုပဲသတိထားပြောပြီးဘယ်လိုလေသံမျိုးနဲ့ကိုယ့်ကိုကိုယ်သတိမထားမိလိုက်တဲ့အခါမျိုးတွေရှိပါတယ်။ ကျွန်တော်တို့ကတော့သတိမထားလိုက်မိပေမယ့် အခြားသူတွေကမြင်ရတယ်၊ ဖတ်နိုင်တယ်။
ပြောတဲ့စကားလုံးကအတူတူပဲ။ ဒါပေမယ့် ပြောတဲ့လေသံပြောင်းသွားတဲ့အခါ အဓိပ္ပာယ်ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ပြောတဲ့ပုံစံ၊ လေသံအနေအထားကို ဂရုစိုက်ပြီးပြောသင့်ပါတယ်။
ဒီအပြုအမူလေးတွေကို သတိထားပြီး ဆောင်မယ်၊ ရှောင်မယ်ဆိုရင် ၀ယ်သူဖောက်သည်တွေနဲ့ တွေ့တဲ့အခါပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် နားလည်မှုလွဲမှားတာတွေလည်းလျော့နည်းသွားပြီး ခင်မင်ရင်းနှီးမှုတွေ၊ ယုံကြည်လေးစားမှုတွေတိုးလာစေမှာဖြစ်လို့ စမ်းပြီးလုပ်ကြည့်နိုင်ပါတယ်။
—
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
—
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။