ဘယ်လိုသင်သင် မရဘူး ဖြစ်နေတဲ့ လူတွေနဲ့များ တွေ့နေရရင်
June 11, 2020 2021-07-13 16:42ဘယ်လိုသင်သင် မရဘူး ဖြစ်နေတဲ့ လူတွေနဲ့များ တွေ့နေရရင်
ဘယ်လိုသင်သင် မရဘူး ဖြစ်နေတဲ့ လူတွေနဲ့များ တွေ့နေရရင် Professional Sales Sharks Webinar တုန်းက မေးတဲ့ထဲမှာ ကိုယ်လက်အောက်က ဝန်ထမ်းတွေကို ဘယ်လို သင်သင်မရဘူး၊ ဘယ်လို လုပ်ရမလဲ မေးတာ ပါပါတယ်။ (ပုံနဲ့ စာနဲ့ တွဲဖတ်ပါ။)
အခြေအနေအမှန်ကို အတိအကျ မသိရတဲ့အခါမျိုးမှာ တိကျတဲ့ အဖြေပေးဖို့ ခက်သလို အခြေအနေတိုင်းအတွက် အဖြေတစ်ခုတည်းမရှိဗျ။ လူတစ်ယောက်ကို ကိုယ်လုပ်စေချင်တဲ့ အရာတွေ လုပ်စေချင်တာဘဲ ဖြစ်ဖြစ်၊ ကိုယ်ရောင်းတဲ့ ပစ္စည်းကို ဝယ်စေချင်တာဘဲ ဖြစ်ဖြစ်၊ နားလည်ထားသင့်တဲ့ သီအိုရီ တစ်ခုရှိပါတယ်။
လူတွေရဲ့ အပြုအမူတွေ၊ လုပ်ရပ်တွေက ဘယ်ကနေလာလဲ ဆိုတာမျိုးပါ။ ကျွန်တော်တို့ အပြုအမူတွေ ဘယ်ကလာလဲဆိုရင် စိတ်နေသဘောထားကနေလာတယ်။ အဲဒီ စိတ်နေသဘောထားတွေကကော ဘယ်ကလာလဲ ဆိုရင် ကျွန်တော်တို့ရဲ့ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ စေ့ဆော်မှုတွေ၊ ပညာအဆင့်အတန်းတွေကနေလာပါတယ်။ အဲတော့ လူတစ်ယောက်က ဘယ်လို သင်သင်မရဘူး ဖြစ်နေတယ်ဆိုရင် ပြန်သုံးသပ်ရမှာက ဒီအလုပ်ပေါ်မှာ သူရဲ့ စိတ်နေသဘောထားက ဘယ်လို ဖြစ်နေလို့လဲ ဆိုတာ အရင် လေ့လာရမယ်။
စိတ်နေသဘောထားဟာ ယုံကြည်ချက်၊ တန်ဖိုးထားမှုတွေက လာတာ ဖြစ်တဲ့အတွက် ဘယ်လိုသင်သင်မရဘူး ဖြစ်နေတယ်ဆိုတဲ့ လူရဲ့ တန်ဖိုးထားမှုတွေ၊ ယုံကြည်ချက်တွေက ဘာတွေဖြစ်နေမလဲဆိုတာမျိုးထိ လေ့လာပြီး ကိုယ်ရဲ့ ပြုမူဆက်ဆံပုံမျိုးကို ပြောင်းရမှာ ဖြစ်ပါတယ်။ တစ်ခု မှတ်ထားသင့်တာက လူတွေက သူတို့ကို ဖိအားပေးပြီး ပြောင်းလဲတာမျိုးကို မခံချင်ကြဘူးဗျ။ သူတို့ဘာသာ သူတို့ ပြောင်းလဲလာတာမျိုးကိုဘဲ ဖြစ်ချင်ကြတာ။ လမ်းကြောင်းတည့်ပေးဖို့ဘဲ ကြိုးစားတာမျိုးက ပြောင်းလဲအောင်လုပ်မယ်ဆိုတာမျိုးထက် ပိုသင့်တော်ပါတယ်။ အဲတော့ သူတို့ကို ပြောင်းလဲစေချင်ရင် ကိုယ်ကဘဲ အရင်ပြောင်းလဲ ရမှာ ဖြစ်ပါတယ်။
ကိုယ်ရဲ့ ပြုမူဆက်ဆံပုံတွေ၊ ဆွဲဆောင်မှုလုပ်မယ့် ဗျူဟာတွေကိုပြောင်းပြီး ကြိုးစားသင့်တာမျိုး ဖြစ်သင့်ပါတယ်။
နောက်တစ်ခုက ကိုယ်လိုချင်တဲ့ Performance တစ်ခုရဖို့၊ လူတစ်ယောက်ရဲ့ ရလာဒ်တစ်ခု ထွက်ဖို့ အတွက်ဆိုရင် ဒီသဘောတရားကိုလဲ စဥ်းစားသင့်သေးတယ်။ ရလာဒ် တစ်ခုရဖို့အတွက် စိတ်ဆန္ဒရယ်၊ လုပ်နိုင်စွမ်းအားရယ်၊ အခွင့်အရေးရယ်လိုတယ်။ ဒီသုံးခုလုံး ပြည့်စုံမှသာ ရလာဒ်တစ်ခုထွက်မယ်။ အပေါ်မှာ ပြောခဲ့တဲ့ သဘောတရားကို နားလည်ရင် စိတ်ဆန္ဒ ဖြစ်လာဖို့အတွက် Motivation ဘယ်လိုပေးနိုင်မလဲဆိုတာ သိလာမယ်။ နောက်တစ်ချက် က လုပ်နိုင်စွမ်းအား ဖြစ်တယ်။ ကွန်ပျူတာတောင် သေချာ မသုံးတတ်သေးတဲ့ လူဆီကနေ Software တစ်ခု မျှော်လင့်နေလို့မှ မရတာ။ သူမှာ လုပ်ချင်စိတ် ရှိရင်တောင်မှ လုပ်နိုင်စွမ်းအားမရှိရင်လဲ ရလာဒ်မရနိုင်ဘူး။
အဲတော့ ကိုယ်လိုချင်တဲ့ ရလာဒ်မျိုးရအောင် လုပ်နိုင်စွမ်းတွေ၊ Skills တွေရှိနေရဲ့လားဆိုတာမျိုး သုံးသပ်ပြီး ဖြည့်ဆည်းပေးတာမျိုးတွေလဲ လုပ်ရမယ်။ နောက်ဆုံးတစ်ခုကတော့ အခွင့်အလမ်း ပေးရမယ်။ တခါတလေမှာ ကိုယ်လိုချင်တဲ့ ရလာဒ်မျိုးရအောင် လုပ်ပေးနိုင်မယ့် အခွင့်အလမ်းမျိုး၊ လုပ်ပိုင်ခွင့်မျိုးတွေလဲ ပေးရမယ်။
ဥပမာ ပြောရရင် Customer Service လုပ်နေတဲ့ လူတစ်ယောက်ကို ဝယ်သူရဲ့ စိတ်ကျေနပ်မှု ရဖို့ ဖြည့်ဆည်းပေးရမယ့် လုပ်ပေးရမယ့် အလုပ်တွေနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်မပေးထားဘဲ ဝယ်သူက Complaint တက်တော့မှ Customer Service သမားတွေ ညံ့တယ်ဆိုတာမျိုး လုပ်လို့မရဘူး။
ဒါကြောင့် လူတစ်ယောက်ဆီကနေ ကိုယ်လုပ်ရပ်တစ်ခု၊ ရလာဒ်တစ်ခု လိုချင်တယ်ဆိုရင် သူတို့ရဲ့ ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို သေချာလေ့လာသုံးသပ်ပြီး Motivation ပေးတဲ့နည်းတွေပြောင်းပါ။ လုပ်နိုင်စွမ်းရှိအောင် လိုအပ်တဲ့ အရည်အချင်းတွေ၊ Skills တွေ ဖြည့်ဆည်းသင်ကြားပေးပါ။ လိုအပ်မယ့် လုပ်ပိုင်ခွင့်တွေလဲပေးပါ။ ဒါဆို ကိုယ်လိုချင်တဲ့ ရလာဒ်မျိုးတွေ မျှော်လင့်နိုင်ပြီး သေချာပေါက် ရလာနိုင်ပါတယ်။ လူတွေက အပြောင်းအလဲ မခံချင်ကြဘူး။ ကိုယ့်သာသာ ပြောင်းလဲတာမျိုးဘဲ ဖြစ်ချင်ကြတာလဲ မမေ့ပါနဲ့။ #BetterVersion
ထိပ်တန်းအရောင်းသမား ဖြစ်လာဖို့အတွက် – Better Salesman သင်တန်းရှိတယ်နော်။